မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်
Learning Management System

မျှတ၊လေးစား၊တန်ဖိုးထား လူ့အခွင့်အရေး စံနှုန်းများ

ဂျန်းမီ · · ပညာပေးစာစောင်များ
မျှတ၊လေးစား၊တန်ဖိုးထား လူ့အခွင့်အရေး စံနှုန်းများ

မျှတ၊လေးစား၊တန်ဖိုးထား လူ့အခွင့်အရေး စံနှုန်းများ

ယနေ့ကမ္ဘာပေါ်တွင် လူသားသန်းပေါင်းများစွာ အသက်ရှင်နေထိုင်လျက်ရှိနေရာ နေရာ ဒေသအလိုက် လူမျိုး၊ အသားအရောင်၊ ကိုးကွယ်ရာဘာသာ၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း စသည်တို့သာမက တစ်ဦးချင်းစီ၏ စိတ်နေသဘောထား၊ အတွေးအမြင်၊ ဆုံးဖြတ်ချက်၊ နှစ်သက်ရာ စသည့် မတူညီကွဲပြားမှုများရှိနေကို တွေ့မြင်ကြမည်ဖြစ်သည်။ ထိုကဲ့သို မတူကွဲပြားမှု များအကြား လူသားဖြစ်ခြင်းသည် တူညီသောအကြာင်းအချင်းရာတစ်ခုအဖြစ် တည်ရှိနေသည်။

လူသားဖြစ်ခြင်းကြောင့် မွေးဖွားလာချိန်ကတည်းက သဘာဝအရ ရရှိထားသော အခြေခံ အခွင့်အရေးများ ရှိကြပါသည်။ ၎င်းတို့သည် ဥပဒေများ၊ စည်းမျဉ်းများဖြင့် အကာအကွယ်ပေးထား သော လွတ်လပ်မှု၊ လုံခြုံမှု၊ တန်းတူညီမျှမှုတို့အပြင် ပညာသင်ယူခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တို့လည်း ပါဝင်ပါသည်။ သို့သော် အခွင့်အရေးရှိရုံနှင့် မပြည့်စုံပါ။ အမှန်တကယ်အရေးပါသည်မှာ “ထိုအခွင့်အရေးများကို လက်တွေ့တွင် မည်မျှအထိ ရယူခံစားနေ ပါသလဲ” ဆိုသည့် အချက်ပင်ဖြစ်ပါသည်။

သမိုင်းတစ်လျှောက် အခွင့်အရေးတောင်းဆိုမှုများ

လူသားအခွင့်အရေး ရရှိရေးအတွက် ရုန်းကန်မှုသမိုင်းသည် လွန်ခဲ့သော ရာစုနှစ်ပေါင်း များစွာကတည်းက စတင်ခဲ့ပြီး၊ ယင်းဖြစ်စဉ်များသည် ယနေ့ခေတ်အခွင့်အရေးများ၏ အုတ်မြစ် ဖြစ်သည်။ ၁၃ ရာစုနှစ်တွင် ဗြိတိန်၌ ပေါ်ထွက်ခဲ့သော Magna Carta (မက်နာကာတာ) သည် ဘုရင်၏အာဏာကို ကန့်သတ်ရန်နှင့် 'လွတ်လပ်သောလူသား' တစ်ဦးကို ဥပဒေအရ ကာကွယ်ပေး ရန် စတင်ထူထောင်ခဲ့သည့် မှတ်တိုင်တစ်ခုဖြစ်သည်။ ၎င်းသည် မည်သူမဆို ဥပဒေ၏ အကာ အကွယ်ကို ရပိုင်ခွင့်ရှိသည်ဟူသော သဘောတရား၏ ပထမခြေလှမ်းအဖြစ် အစောဆုံး အုတ်မြစ် ဖြစ်ခဲ့သည်။                                                                                    ဉာဏ်အလင်းပွင့်ခေတ်နှင့် နိုင်ငံတော်ပြောင်းလဲမှုဟုယူဆရသည့်နှစ်တွင် တွေးခေါ်ရှင်များ ဖြစ်ကြသော ဂျွန်လော့ခ် (John Locke) နှင့် ရူးဆိုး (Rousseau) တို့က လူတိုင်းတွင် သဘာဝအခွင့်အရေးများ (အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်ခွင့်၊ ပိုင်ဆိုင်ခွင့်) ရှိသည်ဟု အခိုင်အမာ တင်ပြခဲ့ကြသည်။ ဤအတွေးအခေါ်များက ၁၇၇၆ ခုနှစ်၏ အမေရိကန် လွတ်လပ်ရေး ကြေညာ စာတမ်းနှင့် ၁၇၈၉ ခုနှစ်၏ ပြင်သစ် လူ့အခွင့်အရေးကြေညာစာတမ်းတို့ကို မွေးဖွားစေခဲ့ပြီး၊ အခွင့် အရေးများကို နိုင်ငံသားနှင့် နိုင်ငံတော်ကြား စာချုပ်အဖြစ် တရားဝင်ပြဋ္ဌာန်းခဲ့သည်။ ၁၉ နှင့် ၂၀ ရာစုအစောပိုင်းကာလများတွင် ဥပဒေရေးရာ အခွင့်အရေးများ ရှိနေသော်လည်း လက်တွေ့တွင် ကွဲပြားနေသောကြောင့် တက်ကြွလှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။

 အမေရိကန်ပြည်ထောင်စုတွင် ကျေးကျွန်စနစ်ကို ဖျက်သိမ်းရန် တောင်းဆိုမှုများ ပြင်းထန် ခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းဖြင့် လူသားတစ်ဦး၏ အခွင့်အရေးကို အသားအရောင် ခွဲခြားမှုမရှိဘဲ အသိအမှတ်ပြုလာခဲ့သည်။ ၁၉ ရာစုနှောင်းပိုင်းမှ ၂၀ ရာစု အစောပိုင်းအထိ အမျိုး သမီးများ၏ နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များ (မဲပေးခွင့်) ကို ရယူရန် တောင်းဆိုခဲ့ပြီး၊ ၎င်းသည် နိုင်ငံရေးအခွင့်အရေးကို လူအချို့မှ လူအားလုံးသို့ တိုးချဲ့ပေးခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများမှ သင်ခန်းစာယူကာ ကမ္ဘာ့နိုင်ငံ များက စုစည်းပြီး ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။ ၎င်းသည်နိုင်ငံသား၊ လူမျိုး၊ ဘာသာ၊ ကျား/မ ခွဲခြားမှုမရှိဘဲ လူသားအားလုံး ရယူခံစားခွင့်ရှိသော အခြေခံအခွင့်အရေး ၃၀ ကို ၁၉၄၈ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းအဖြစ် သတ်မှတ်ပေးခဲ့ ခြင်းဖြစ်သည်။

၁၉၅၀ နှင့် ၁၉၆၀ ပြည့်လွန်နှစ်များတွင် မာတင်လူသာ ကင်း ဂျူနီယာ (Martin Luther King Jr.) ကဲ့သို့သော ခေါင်းဆောင်များ ဦးဆောင်သည့် လူမည်းအခွင့်အရေးလှုပ်ရှားမှု (Civil Rights Movement) သည် ဥပဒေအရသာမက လက်တွေ့တွင်ပါ တန်းတူအခွင့်အရေးရရှိရန် အမေရိကန်တွင် အောင်ပွဲခံခဲ့သည်။ ဤလှုပ်ရှားမှုသည် အခွင့်အရေးကို စာရွက်ပေါ်မှ လက်တွေ့ ဘဝသို့ ပုံဖော်ပေးသည့် နည်းလမ်းကို ပြသခဲ့သော အရေးကြီးသော သာဓကဖြစ်သည်။ ဤသမိုင်းဝင်ဖြစ်ရပ်များသည် အခွင့်အရေးများကို ဥပဒေဖြင့် ကာကွယ်ရုံ သာမက တောင်းဆိုခြင်း၊ စည်းလုံးခြင်းနှင့် တက်ကြွစွာ လှုပ်ရှားခြင်းတို့ဖြင့်လည်း ရယူနိုင်ကြောင်း သက်သေပြခဲ့ပါသည်။

 မျက်မှောက်ခေတ် စိန်ခေါ်မှုများနှင့် ကမ္ဘာ့ပဋိပက္ခများ

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း ထွက်ပေါ်ပြီးနောက် နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ သော်လည်း၊ ယနေ့ခေတ်တွင် အခွင့်အရေးအတွက် ရုန်းကန်မှုသည် ပြီးဆုံးခြင်းမရှိသေးပေ။ လတ်တလော ဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံများ၏ အခြေအနေများသည် အခြေခံ လူ့အခွင့်အရေး များအား ပြင်းထန်စွာ စိန်ခေါ်လျက်ရှိသည်။

ပဋိပက္ခဒဏ်ခံစားရမှု: အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများ၊ စစ်ပွဲများနှင့် ဒေသတွင်းတင်းမာ မှုများသည် အသက်ရှင်ခွင့်၊ လုံခြုံခွင့်နှင့် စစ်ပွဲဒဏ်မှ ကင်းဝေးခွင့်ကဲ့သို့သော အခြေခံ အခွင့်အရေး များကို နေ့စဉ်နှင့်အမျှ စိန်ခေါ်နေသည်။ ဥပမာအားဖြင့်၊ ပဋိပက္ခဒေသများတွင် အပြစ်မဲ့ ပြည်သူ များအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများကို ဖျက်ဆီး ခြင်းနှင့် အစားအစာ၊ သောက်သုံးရေကဲ့သို့သော အခြေခံလိုအပ်ချက်များ ဖြတ်တောက်ခံရ ခြင်းများသည် အခြေခံလူ့အခွင့်အရေး၏ အဆိုးရွားဆုံး ချိုးဖောက်မှုများဖြစ်သည်။ ထို့ပြင် ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသော နေထိုင်ခွင့်၊ ခိုလှုံခွင့်နှင့် ရပိုင်ခွင့်များ ဆုံးရှုံးနေမှုတို့သည် လူ့အခွင့်အရေး စံနှုန်းများအပေါ် ဖိအားပေးလျက်ရှိသည်။

မြန်မာ့သမိုင်းဖြစ်စဉ်များနှင့် လူ့အခွင့်အရေး

မြန်မာနိုင်ငံတွင် အခွင့်အရေးအတွက် ရုန်းကန်မှုသည် နိုင်ငံရေးဖြစ်စဉ်များနှင့် အမြဲတစေ ဆက်စပ်နေခဲ့သည်။ ဗြိတိသျှကိုလိုနီခေတ်တစ်လျှောက်တွင် မြန်မာပြည်သူများသည် နိုင်ငံရေးအရ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်သာမက၊ စီးပွားရေးအရ အမြတ်ထုတ်ခံရခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ်ခံရခြင်းနှင့် မြေယာပိုင်ဆိုင်ခွင့်များ ဆုံးရှုံးခံရခြင်းတို့ကြောင့် အခြေခံလူသားအခွင့်အရေးများစွာ ဆုံးရှုံးခဲ့ရသည်။ ဤအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် မြန်မာမျိုးချစ်ခေါင်းဆောင်များသည် နိုင်ငံရေးနှင့် လူမှုရေးအခွင့်အရေးများပြန်လည်ရရှိရန်အတွက် ထင်ရှားသော လှုပ်ရှားမှုများကို စတင်ခဲ့ကြသည်။ အထူးသဖြင့် ၁၉၂၀ ပြည့်နှစ်မှစတင်သော အမျိုးသားကျောင်းများ တည်ထောင် ခြင်းနှင့် ကျောင်းသားသပိတ်များ၊ တို့ဗမာအစည်းအရုံး၏ လွတ်လပ်ရေး ကြိုးပမ်းမှုများသည် ကိုလိုနီအုပ်ချုပ်မှုအောက်တွင် ပျောက်ဆုံးခဲ့ရသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဂုဏ်သိက္ခာကို ပြန်လည်တောင်းဆိုခြင်းပင် ဖြစ်သည်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရယူနိုင်ခဲ့ခြင်းသည် နိုင်ငံသားအားလုံး၏ အချုပ်အခြာ အာဏာပိုင်ခွင့် (Self-Determination) ကို တရားဝင်ပြန်လည်ရယူနိုင်ခဲ့သည့် အခွင့်အရေးရရှိရေး၏ အမြင့်ဆုံးပန်းတိုင်တစ်ခုဖြစ်ခဲ့သည်။ 

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ လွတ်လပ်ရေးရပြီးများမကြာမီ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ပြုလုပ်သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အတည်ပြုထုတ်ပြန်ရေးအဖွဲ့ဝင်နိုင်ငံများက မဲခွဲဆုံးဖြတ်ရာတွင် မြန်မာနိုင်ငံ အနေဖြင့် ထောက်ခံမဲပေးခဲ့သည်။ မဲခွဲဆုံးဖြတ်မှုရလဒ်အရ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း ကို အတည်ပြုထုတ်ပြန်ခဲ့ရာထုတ်ပြန်ခဲ့သည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအသီးသီး၌ လူ့အခွင့် အရေးနေ့အထိမ်းအမှတ်အခမ်းအနားများကို ပြုလုပ်ကျင်းပကြပြီး မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ တကာအသိုက်အဝန်းနှင့်အတူ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားပြီး ကုလသမဂ္ဂ၏ ပြဋ္ဌာန်းချက်များနှင့်အညီ တစိုက်မတ်မတ် ပါဝင်ဆောင်ရွက် လျက်ရှိပြီး ဗြဟ္မစိုရ်တရားလက်ကိုင်ထားသော နိုင်ငံဖြစ်သည့်အပြင် တစ်ဦးအပေါ်တစ်ဦး မေတ္တာ ထားပြီး ရိုင်းပင်းကူညီလေ့ရှိသည့် ဓလေ့စရိုက်အစဉ်အလာများရှိသည်။ 

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး သဘောတူစာချုပ်များဖြစ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည် ပြည်ဆိုင်ရာသဘောတူစာချုပ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ်၊ အမျိုး သမီးများအပေါ်နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တို့တွင် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့ပြီး  ယင်းစာချုပ် များနှင့်ဆက်စပ်သည့် နောက်ဆက်တွဲသဘောတူစာချုပ်အချို့တွင်လည်း ပါဝင်ချုပ်ဆိုခဲ့ကာ စာချုပ် ပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၁) ပါ ဖော်ပြချက်တွင် “လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူ ရှိကြ သည်” ဟူသည့် တန်ဖိုးထားလေးစားလိုက်နာရမည့် အချက်ဖြစ်သည်။ တန်းတူညီမျှရေးနှင့် ခွဲခြားဆက်ဆံမှုမရှိရေးတို့သည် လူ့အခွင့်အရေး၏ အခြေခံအကျဆုံးသော အနှစ်သာရများ ဖြစ်သည့် အတွက် ကဏ္ဍအသီးသီးတွင် မညီမျှမှုများနှင့် ခွဲခြားဆက်ဆံမှုများမရှိစေရေးကို ဆောင်ရွက်လျက် ရှိသည်။ ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်သူပြည်သားများ၏ လူ့အခွင့် အရေးများ တန်းတူခံစားရရှိနိုင်ရေးနှင့် မညီမျှမှုများလျော့ကျစေရေးတို့အတွက် မြန်မာနိုင်ငံ အမျိုး သား လူ့အခွင့်အရေး ကော်မရှင်အပါအဝင် အဖွဲ့အစည်းအသီးသီးတို့နှင့်အတူ ချိတ်ဆက်ပူးပေါင်း၍ အားထုတ်ကြိုးပမ်းလျက်ရှိသည်။

သို့ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးအခြေအနေများ ဟန်ချက်ညီညီ မြင့်မားလာစေရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့အစည်းများအားလုံး ပါဝင်ဆောင် ရွက်ကြကာ တန်းတူညီမျှမှုရှိရေး၊ အားလုံးပါဝင်နိုင်ရေးနှင့် ခွဲခြားဆက်ဆံမှုမရှိရေးစသည့် လူ့အခွင့် အရေးစံနှုန်းများကို လေးစားလိုက်နာကျင့်သုံးဆောင်ရွက်ကြပါရန် အရေးကြီးပါသည်။ 

အခွင့်အရေး၏ အရေးပါမှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း

အခွင့်အရေးကို တောင်းဆိုခြင်းသည် မိမိဘဝ၏ တန်ဖိုးကို မြှင့်တင်ပေးရုံသာမကဘဲ၊ လူ့အဖွဲ့ အစည်းတစ်ခုလုံး၏ ဒီမိုကရေစီ တာဝန်ခံမှုကိုပါ မြှင့်တင်ပေးသည်။ နိုင်ငံသားတစ်ဦးချင်းစီက ၎င်းတို့၏ ရပိုင်ခွင့်များကို တက်ကြွစွာ စောင့်ကြည့်တောင်းဆိုမှသာလျှင် အစိုးရနှင့် အဖွဲ့အစည်းများ သည် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရန် ဖိအားဖြစ်စေမည်ဖြစ်သည်။

ဤသို့သောအခြေအနေမျိုးတွင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းသည် အဓိကသော့ချက်ဖြစ်သည်။ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းဆိုသည်မှာ မိမိကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခြင်း၊ ရွေးချယ်နိုင် ခြင်းနှင့် မိမိဘဝကို ဦးဆောင်နိုင်ခြင်းဖြစ်သည်။ အောက်ပါ နယ်ပယ်များတွင် အထူးထင်ရှားသည်။

လူမှု/နိုင်ငံရေးနယ်ပယ်

 ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်း၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ခြင်းနှင့် အများပြည်သူဆိုင်ရာ မူဝါဒချမှတ်မှုများတွင် ပါဝင်ပတ်သက်ခြင်းတို့သည် ကိုယ်ပိုင်ဆုံးဖြတ် နိုင်စွမ်းကို ဖော်ပြခြင်းဖြစ်သည်။

စီးပွားရေးနယ်ပယ်

 မျှတသော အခကြေးငွေတောင်းဆိုခြင်း၊ လုပ်ငန်းခွင်အခြေအနေများ တိုးတက်စေရန် စုပေါင်းတောင်းဆိုခြင်းနှင့် စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေရယူခြင်းတို့ဖြစ်သည်။ အခွင့်အရေး များသည် အလိုအလျောက် ရရှိလာမည်မဟုတ်ပါ။ သို့ဖြစ်၍ လက်တွေ့ကျကျ ရယူခံစားနိုင်ရန် တက်ကြွစွာ လုပ်ဆောင်ရန် လိုအပ်သည်။

 

ပညာပေးခြင်းနှင့် လေ့လာခြင်း (Educate Yourself)

နိုင်ငံတစ်ဦးချင်းစီနှင့်သက်ဆိုင်သော ပြည်တွင်းဥပဒေများ၊ အလုပ်သမားအခွင့်အရေးများ၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ မူဝါဒများကို အမြဲမပြတ်လေ့လာပြီး အစိုးရဌာနများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့များမှထုတ်ပြန်သည့် သတင်းအချက် အလက်များနှင့် လမ်းညွှန်ချက်များကို အလေးထားဖတ်ရှုမှတ်သား၍ အခွင့်အရေးများကို ပုံဖော်နိုင် သည်။ 

မှန်ကန်စွာမှတ်တမ်းတင်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလျော့နည်းပပျောက်စေခြင်း (Documentation for Reduce Human Rights Violations):

လူ့အခွင့်အရေးချိုးဖောက်မှုများကို လျော့နည်းသွားအောင် လုပ်ဆောင်ရာ၌ လက်တွေ့
 တွင် ပညာပေးရုံသက်သက်ဖြင့် မလုပ်ဆောင်နိုင်ပါ။ ချိုးဖောက်မှုများ လျော့နည်းလာအောင် အရေးယူမှုများဖြင့် ဆောင်ရွက်သွားနိုင်ရန် လှုံ့ဆော်နိုင်ရမည်ဖြစ်သည်။ ထိုချိုးဖောက်မှုများကို ဖော်ထုတ်ရန် လိုအပ်သကဲ့သို့ အမှန်တရားအတွက် သတင်းအချက်အလက်များ စုဆောင်းရန်မှာ လည်း လိုအပ်ပါသည်။ သို့မှသာ မသိသေးသောသူများကို အသိပေးနိုင်ခြင်းကြောင့် လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်းမှပါ သိရှိလာပြီး ထိုကဲ့သို့ လှုံ့ဆော်မှုများမှတစ်ဆင့် အရေးယူမှုများကို ဆောင်ရွက် သွားနိုင်မည်ဖြစ်သည်။ 

ပညာပေးမှု (Education)၊ အချက်အလက်စုဆောင်းခြင်း (Monitoring or Documentation) နှင့် စည်းရုံးလှုံ့ဆော်မှု (Advocacy) တို့ကို ဟန်ချက်ညီညီ လုပ်ဆောင်သွား ရန်မှာ အလွန်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ချိုးဖောက်သူကို အရေးယူဆောင်ရွက် နိုင်ရန်အတွက် ပြဋ္ဌာန်းဥပဒေများဖြင့် ကိုင်တွယ်ဆောင်ရွက်သွားရန် အထူးလိုအပ်သည်။ ထို့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် မည်သည့်ဥပဒေနှင့် ငြိစွန်းနေသည်၊ မည်သည့်ဥပဒေများကို ကိုင်တွယ်၍ မည်သည့်နေရာတွင် တိုင်ကြားနိုင်သည်အစရှိသည့် လှုံ့ဆော်မှုများကို လုပ်ဆောင် နေရခြင်း ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်းများကို သိရှိပြီး သက်သေအထောက် အထားများ ခိုင်ခိုင်လုံလုံရှိနေသော်လည်း တိုင်ကြားနိုင်မှု ယန္တရားမရှိပါက မည်သို့မှ အရေးယူ ဆောင်ရွက်၍ ရမည်မဟုတ်ပါ။ 

သို့ဖြစ်ရာ အခွင့်အရေးများ ချိုးဖောက်ခံရသည်ဟု ခံစားရပါက ဖြစ်ရပ်များ၊ ရက်စွဲများ၊ သက်သေအထောက်အထားများနှင့် သက်ဆိုင်သူများကို စနစ်တကျ မှတ်တမ်းတင်ထား၍ ဖြစ်ရပ်ဖြစ်ပွားသည့်နေရာ၊ အချိန်အတိအကျနှင့် ပါဝင်ပတ်သက်သူများ၏ အမည်များကို တတ်နိုင်သမျှ အသေးစိတ်မှတ်တမ်းတင်ထားရမည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက်ဆောင်ပုဒ်မှာ “Our Everyday Essentials” ကျွန်ုပ်တို့၏နေ့ရက်တိုင်းမရှိမဖြစ်လိုအပ်သော အခွင့်အရေးများဖြစ်သည်။ နိဂုံးချုပ် အနေဖြင့် အခွင့်အရေးများသည် လူသားတစ်ဦးအနေဖြင့် မွေးရာပါရပိုင်ခွင့်များသာဖြစ်သည်။ သို့သော် ထိုရပိုင်ခွင့်များသည် တောင်းဆိုခြင်း၊ ကာကွယ်ခြင်းနှင့် လက်တွေ့အသုံးချခြင်းတို့မှ သာလျှင် အဓိပ္ပာယ်ရှိလာမည်ဖြစ်သည်။ ထို့ကြောင့်ယနေ့မှစ၍ မိမိ၏ အခွင့်အရေးများကို ရဲရဲဝံ့ဝံ့ ရယူခံစားကာ လူသားဂုဏ်သိက္ခာနှင့်အညီ အဓိပ္ပာယ်ပြည့်ဝသောဘဝကို တည်ဆောက်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

ဂျန်းမီ