မြန်မာ့လူ့အခွင့်အရေးယာဉ်ကြီးဖြင့်
ကျွန်တော်အပါအဝင် လောကလူသားများသည် တစ်စုံတစ်ခုကိုလိုချင်တပ်မက်စိတ်ဖြင့် အမြဲတမ်း အသက်ရှင်နေထိုင်တတ်ပါသည်။ ထိုတစ်စုံတစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိပြီးလျှင်လည်း နောက်ထပ်လိုချင်သောအရာ တစ်ခုထပ်မံပေါ်ပေါက်လာတတ်ပြန်ပါသည်။ လူအများသည် မိမိပတ်ဝန်းကျင်နှင့်လောကအပေါ် အနိုင်ယူလို စိတ်များလာသည်နှင့်တပြိုင်နက် ကိုယ်ချင်းစာတရားများပျောက်ဆုံးလာပြီး အတောမသတ်နိုင်သည့်လူသား တို့၏အတ္တ၊ လောဘ၊ မာန်မာနများသည်ပင်လျှင် လူ့အခွင့်အရေးများချိုးဖောက်လာရခြင်း၏ မူလဇစ်မြစ် တစ်ခုဟု ကျွန်တော်ထင်မြင်ယူဆမိပါသည်။
၁၉၄၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပခဲ့သောကုလသမဂ္ဂညီလာခံကို နိုင်ငံ ပေါင်း (၅ဝ) မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။ ယင်းကိုယ်စားလှယ်များက ကုလသမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၏ အခြေခံသွေးကြောဖြစ်သော ကုလသမဂ္ဂပဋိညာဉ် (Charter of United Nation) ကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့သည်။ ယင်းအချိန်က ပိုလန်နိုင်ငံသည်စစ်ကြောင့် ညီလာခံ မတက်ရောက်နိုင် သော်လည်း နောက်ပိုင်းမှာ အတည်ပြုခဲ့သဖြင့် ကုလသမဂ္ဂစတင်ဖွဲ့စည်းစဉ် နိုင်ငံ (၅၁) နိုင်ငံ ရှိခဲ့ပါသည်။ ယခု အခါကုလသမဂ္ဂအဖွဲ့ကြီးသည် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် တောင်ဆူဒန် နိုင်ငံအဖွဲ့ဝင် ဖြစ်လာခဲ့ သဖြင့် အဖွဲ့ဝင်နိုင်ငံ (၁၉၃) နိုင်ငံထိရှိလာခဲ့ပြီဖြစ်သည်။ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက် နေ့တွင် ကမ္ဘာ့ကုလ သမဂ္ဂ အနေအထွေထွေညီလာခံ(UNGA)မှ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights) ကို ထုတ်ပြန်ခဲ့သည်။ ယင်းစာတမ်းသည် ဥပဒေအရစည်းနှောင် မှုရှိသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေ (International Law) မဟုတ်သော်လည်း အပြည်ပြည်ဆိုင်ရာဓလေ့ ထုံးတမ်းဥပဒေ (International Customary Law) ဟု သတ်မှတ်ကြသဖြင့် (moral force) ရှိပါသည်။ ထို့ပြင် စာတမ်းထုတ်ပြန်ခဲ့သည့် ယင်းနေ့ ကိုပင် ကမ္ဘာ့လူ့အခွင့်အရေးနေ့(International Human Rights Day) အဖြစ် (၁၉၅၀) ခုနှစ်တွင် ကမ္ဘာ့ကုလ သမဂ္ဂအထွေထွေညီလာခံမှ ချမှတ်ခဲ့သည်။
လူ့အခွင့်အရေး၏တန်ဖိုး
လူသားအားလုံးသည် မွေးလာသည်မှစ၍ လွတ်လပ်ပြီး တန်းတူညီမျှသော လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့် အရေးများရှိသည်။ လူသားအားလုံး အသားအရောင်မတူ၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ ၊ လိင်၊ လူမှုရေး ၊ နိုင်ငံရေးမတူကွဲပြားမှများသည် တစ်ပိုင်း၊ လူသားသည်သာလူသား ဖြစ်၍ လူသားအားလုံးသည် တန်းတူ အခွင့် အရေးခံစားရမည်။ လူ့အခွင့်အရေးသည် လူသားအားလုံးအတွက်ဖြစ်ရပေမည်။ လူ့အခွင့်အရေးသည် အားလုံး အတွက် တစ်ပြေးညီတည်းရှိရပေမည်။ ပိုသည်လိုသည်ဟူ၍ မရှိရပါ။ အခြားအခွင့်အရေးသည် အခြားသော အခွင့်အရေးထက်ပိုပြီးအရေးကြီးသည်မရှိ။ အားလုံးအရေးကြီးသည်။ လူ့အခွင့်အရေးသည် ဥပဒေကို လေးစား ရန်လည်းလိုပါသည်။ ဥပဒေသည်လည်း လူ့အခွင့်အရေးကိုကာကွယ်ပေးသော၊ စောင့်ရှောက်သော၊ အကျိုးပြု သော ဥပဒေဖြစ်ရပါမည်။ လူ့အခွင့်အရေးအကြောင်းပြောပါက ဒီမိုကရေစီကိုချန်လှပ်ခဲ့၍မရပေ။ ထို့အပြင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ အချက် (၃၀)ပါ ယေဘုယျသတ် မှတ်ချက်များသည် မျှတမှန်ကန်သောအချက်များဖြစ်သဖြင့် မလိုက်နာစရာ အကြောင်းမရှိပါ။ သို့သော် အခြေအနေနှင့် အချိန် အခါပေါ်မူတည်၍ အချို့အချက်များမှာ အပြည့်အဝလိုက်နာရန် အနည်းငယ် အခက်အခဲရှိနိုင်ပါသည်။ ဒါဟာ လည်း အခြေအနေအရ ခေတ္တခဏမျှသာဖြစ်ပြီး နောက်တွင် အပြည့်အဝလိုက်နာနိုင်မည်ဟု ထင်ပါသည်။ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှု၊ ကိုးကွယ်ရာဘာသာ၊ သဘာဝပတ်ဝန်းကျင် မတူညီကွဲပြားခြားနား သလို လူ့အခွင့်အရေး စံနှုန်းသတ်မှတ်ချက်များသည်လည်း အသီးသီးမတူညီဘဲ ကွဲပြားနေမည်မှာ အမှန်ပင် ဖြစ်ပါသည်။
ဗုဒ္ဓဘာသာ၏လူ့အခွင့်အရေး
ကျွန်တော်တို့ ဗုဒ္ဓဘာသာတွင် လူသားအားလုံးသည် အတူတူ၊ တန်းတူညီမျှ ဖြစ်သည်ဆိုသော အယူအဆသည် လူ့အခွင့်အရေး၏အခြေခံယူဆချက်အဖြစ် ရှိနေသည်ကိုတွေ့ရမည်ဖြစ်သည်။ ထို့ပြင်ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာ စောင့်စည်းအပ်သော ၅ ပါးသီလသည်လည်း လူ့အခွင့်အရေးအယူအဆများ၏ အသက်အဖြစ် ပါဝင်နေကြောင်း တွေ့ရှိရပြန်သည်။ သူတစ်ပါး အသက်ကိုမသတ်ခြင်း၊ သူများအိပ်ရာကိုမပြစ်မှားခြင်း၊ လိမ်လည်ပြောဆိုမှု မပြုလုပ် ခြင်း၊ သူများ ပစ္စည်းဥစ္စာကိုခိုးယူမှုမပြုခြင်း အစရှိသောအချက်များသည် (Respect to Other rights) ဆိုသည့် တစ်ပါးသူများ၏ အခွင့်အရေးကိုလေးစားရန် ဟူသော အခြေခံလူ့အခွင့်အရေးအတွေးအခေါ်များပင်ဖြစ်သည်။
ခရစ်ယာန်ဘာသာ၏လူ့အခွင့်အရေး
ခရစ်ယာန်ဘာသာကို ဘီစီ (၄)ရာစု ခန့်တွင်မွေးဖွားခဲ့သော ဂျူးလူမျိုး ယေရှုခရစ်တော်မှ တည်ထောင် ခဲ့ပြီး ဘာသာရေးအတွက် အထွဋ်အထိပ်ပုဂ္ဂိုလ်မှာ ထာဝရဘုရားသခင်ဖြစ်သည်။ ခရစ်ယာန်ဘာသာတွင် ဘုရား သခင်ကလူသားများကိုပေးအပ်သော လူ့အခွင့်အရေးများကို ဖော်ပြထားသည်။ ခရစ်ယာန်ဘာသာသည် ဇာတ် ခွဲခြားခြင်းမရှိ၊ ဆင်းရဲချမ်းသာ ခွဲခြားခြင်းမရှိ၊ နူနာရောဂါရှိသူ၊ သူတောင်းစားမှစ၍ အားလုံးကိုသာတူညီမျှ သဘောထားသည်။ သနားညှာတာခြင်း၊ ကူညီစောင့်ရှောက်ခြင်း၊ ကယ်တင်ခြင်း စသော မေတ္တာတရားများသည် ခရစ်ယာန်ဘာသာတွင် ပါဝင်သောလူ့အခွင့်အရေးများပင်ဖြစ်ပေသည်။
အစ္စလာမ်ဘာသာ၏လူ့အခွင့်အရေး
အစ္စလာမ်ဘာသာစတင်မွေးဖွားပေးသူမှာ အာရပ်လူမျိုး မိုဟာမက်ဖြစ်ပြီး၊ ဘာသာရေး၏ အထွတ် အထိပ်ပုဂ္ဂိုလ်မှာ အလ္လာဟ်ဘုရားသခင်ဖြစ်သည်။ ကျမ်းစာမှာ ကိုရမ်ကျမ်းဖြစ်သည်။ လူ့အခွင့်အရေးနှင့်ပတ် သက်၍ အခြေခံအချက်ကြီး (၅) ချက်ပါရှိသည်။ ၄င်းအချက်များထဲမှ အချက်(၃)ချက်မှာ ဆင်းရဲသူများအား မိမိတို့ ကြွယ်ဝချမ်းသာမှု၏ တစ်စိတ်တစ်ပိုင်းကိုအလှူဒါနပြုရမည်။ မိဘမဲ့ကလေးများကို စောင့်ရှောက်ရမည်။ မိဘမဲ့ဂေဟာများကို တည်ထောင်ပေးကြရမည်။ အရွယ်မရောက်သေးသော မိဘမဲ့ကလေးများ၏ ပစ္စည်းဥစ္စာကို ဖြောင့်မတ်မှန်ကန်သောပုဂ္ဂိုလ်များက ထိန်းသိမ်းစောင့်ရှောက်ပေးရမည်။ အစ္စလာမ်ဘာသာ၌ ဇာတ်ခွဲခြား ခြင်းရှိ။ အားလုံးသည်အတူတူပင်ဖြစ်သည်။ ဤအချက်များသည်အစ္စလာမ်ဘာသာ၏ လူ့အခွင့်အရေးဆိုင်ရာ အခြေခံအချက်များပင်ဖြစ်ပေသည်။
ထို့အပြင် သဘာဝပတ်ဝန်းကျင်၏တန်ဖိုးကိုသိရှိ၍ အလေးထားခြင်းသည်လည်း လူ့အခွင့်အရေးကို လေးစားခြင်းတစ်ရပ်အဖြစ် ဆက်နွယ်ပတ်သက်နေပါသည်။ သဘာဝပတ်ဝန်းကျင်က လူသားများအပေါ်လက် ဆောင်ပေးထားသောကောင်းကင်၊ ပင်လယ်သမုဒ္ဒရာ၊ မြစ်ချောင်း၊ အင်းအိုင်၊ သစ်တော၊ အိုဇုန်းလွှာ အစရှိသည်တို့သည် လူသား၊ တိရိစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်၏ ဂေဟစနစ်အရ အပြန်အလှန်မှီခိုလျက် ရှိပါသည်။
လူသားတို့၏မတော်လောဘများကြောင့် ထိုသဘာဝပတ်ဝန်းကျင်များ အဆမတန် ပြုန်းတီးဖျက်ဆီး ခံရမှု များ မှတဆင့် ဂေဟာစနစ်များမကောင်းမွန်တော့သည့်အတွက် ရေကြီးခြင်း၊ တောင်ပြိုခြင်း၊ မီးတောင် ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်း၊ ဂေဟာစနစ်ကိုထိန်းကျောင်းပေးသည့် ရှားပါးသတ္တဝါများ ဖြစ် သည့် လင်းပိုင်၊ ဝေလငါး အစရှိသည့်သတ္တဝါများမျိုး တုန်းလုနီးပါးဖြစ်လာခြင်းကြောင့် သဘာ၀ကပ်ဘေး အမျိုးမျိုးကို ယနေ့အချိန်အခါတွင်လူသားများ မကြာခဏခံစားရလျက်ရှိပါသည်။ မည်သည့် နေရာဒေသ၌မဆို သဘာ၀ ကပ်ဆိုးတစ်ခုကျရောက်လာပြီ ဆိုလျှင်အစာရေစာရှားပါးခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက် လာခြင်း၊ ပညာသင်ကြားခွင့်ဆုံးရှုံးခြင်း၊ ကောင်းမွန်သောကျန်းမာရေး စောင့်ရှောက်ခွင့်မရရှိခြင်း၊ အစာအဟာရ ပြတ်ခြင်းများကြောင့် နောက်ဆုံးတွင် လူ၏ အသက်ရှင်ရပ်တည်ခွင့်ကိုပါ အလိုအလျောက်ဆုံးရှုံး ခံစားကြရ မည်ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ကမ္ဘာပေါ်တွင် မဟာအင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ဆိုဗီယက် ရုရှားပြည်ထောင်စုနိုင်ငံနှစ်ခုတည်း အားပြိုင်မှုများရှိခဲ့သည့်အတွက် (Balance of Power) အနေ အထားဖြင့် ရှိခဲ့သော်လည်း ၁၉၉၁ ခုနှစ် နောက်ပိုင်း ဆိုဗီယက်ပြည်ထောင်စုနိုင်ငံတော်ကြီးပြိုကွဲခဲ့သည့် အတွက် (Bipolar) မှ မဟာအင်အားကြီးအမေရိကန်တစ်နိုင်ငံတည်းသာ ရှိတော့သည့် (Unipolar) ခေတ်ကို ရောက်ရှိလာသည်။ ၄င်းမှတစ်ဆင့် ယခုအခါကမ္ဘာကြီးသည် (Multipolar) ပုံစံအနေအထားဖြင့် (Globalization) ခေတ်ကိုရောက်ရှိနေပြီဖြစ်သည်။ ကမ္ဘာကြီး၏ (Globalization) ခေတ်တွင် အင်အားကြီး နိုင်ငံ များ၏ အမျိုးသားအကျိုးစီးပွားအတွက် နိုင်ငံငယ်များအပေါ် လူ့အခွင့်အရေးဗန်းပြပြီး နိုင်ငံရေးအတွက် အသုံးချ နေကြရာအသုံးချခြင်းမခံရစေဖို့သတိရှိရန်လိုအပ်ပါသည်။
မည်သို့ပင်ဆိုပါစေ မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာခံစားခွင့်များကို ပြည်သူများ အပြည့်အဝ ခံစားခွင့်ရရှိရေးအတွက် မှန်ကန်သောလုပ်ဆောင်ချက်များဖြင့် လျှောက်လှမ်းနေသည်ဖြစ်ရာ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးမှုများ၊ အေးချမ်းမှုများ၊သာယာမှုများ၊ စီးပွားရေးတိုးတက်မှုများသည် အဆင်သင့်ဆီးကြိုနေပါ သည်။ ယင်းသို့သာယာအေးချမ်းပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတစ်ခု အဖြစ်သို့ ရောက်ရှိရန် အမြန်ပို့ဆောင်ပေးမည့်ယာဉ်ကြီးသည် မြန်မာ့လူ့အခွင့်အရေးယာဉ်ကြီးပင်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (၇၇) နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။ ။
မင်းဝီရ